နာဆာနဲ့ Colorado Space Grant Consortium က ထောက်ပံ့ထားပြီး ပညာရေး
ကုမ္ပဏီ Idoodlelearning က ကျင်းပတဲ့ Cubes in Space ပြိုင်ပွဲမှာ ကမ္ဘာ့
အသေးဆုံး သို့မဟုတ် အပေါ့ပါးဆုံး ဂြိုလ်တုကို တီထွင်တဲ့ အိန္ဒိယမှ
ဆယ်ကျော်သက်က အနိုင်ရရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် Rifath Shaarook က
တီထွင်ခဲ့တာ ဖြစ်ပြီး အိန္ဒိယရဲ့ နယူးကလီးယား သိပ္ပံပညာရှင်နဲ့ ယခင်
သမ္မတဟောင်း ဖြစ်သူ A.P.J. Abdul Kalam ကို ဂုဏ်ပြုတဲ့ အနေဖြင့် ဂြိုလ်တုကို
KalamSat လို့ အမည်ပေးထားပါတယ်။
သူရဲ့ ဂြိုလ်တုဟာ ၀.၁၄ ပေါင်သာ ရှိပြီး နာဆာက လာမယ့်လမှာ အဲဒီ ဂြိုလ်တုကို အာကာသသို့ လွှတ်တင်မှာ ဖြစ်ပါတယ်။ နာဆာရဲ့ ဗာဂျီးနီးယားရှိ Wallops Flight Facility ကနေ ဇွန်လ ၂၁ ရက်နေ့မှာ အာကာသသို့ လွှတ်တင်မှာ ဖြစ်ပြီး ကမ္ဘာကို ၄ နာရီကြာ ပတ်၍ ဂြိုလ်တုရဲ့ ခံနိုင်ရည်အားကို စမ်းသပ်မှာ ဖြစ်ပါတယ်။ ဂြိုလ်တုကို 3D Printing နည်းပညာဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
တီထွင်သူ ဆယ်ကျော်သက်က “ ဂြိုလ်တုမှာ Sensors ၈ လုံးနဲ့ ကွန်ပြူတာငယ်တစ်ခု တပ်ဆင်ထားပြီး ကမ္ဘာရဲ့ ဆွဲအား၊ လှည့်ပတ်မှု၊ အရှိန်တို့ကို တိုင်းတာဖို့အတွက် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ နာဆာက ကမ္ဘာအ၀န်းမှ တီထွင်သူများရဲ့ နည်းပညာ အသစ်များကို စဉ်ဆက်မပြတ် ရှာဖွေနေပါတယ်။ မတ်လကလည်း နာဆာရဲ့ ဒေတာများကို ဗြိတိန်မှ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးက အမှန်ပြင်ပေးခဲ့တဲ့ သတင်းကလည်း နာမည်ကြီးခဲ့ပါတယ်။
ref : sciencealert
Credit > Digital times

No comments: