လားရာသစ်နဲ့ သိုမှီးစနစ်များ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

လားရာသစ်နဲ့ သိုမှီးစနစ်များ

ကွန်ပျူတာ စနစ်များရဲ့ အဆင့်အတန်း မြင့်မားလာပြီး စွမ်းပကားများ ကြီးမားလာတာနဲ့အမျှ သိုမှီးစနစ်အတွက် တောင်းဆိုမှုတွေ ပိုများလာခဲ့တယ်။ ယေဘုယျ သဘောအရ ပီစီ ကွန်ပျူတာများတွင် နှစ်အတော်ကြာ Mechanical hard drives များကို အားထားအသုံးပြုခဲ့ ကြရတယ်။ Desktop ကွန်ပျူတာများအတွက် ၃.၅ လက်မအရွယ်အစား hard disk drives များကို အသုံးပြုရသလို Laptop ကွန်ပျူတာများအတွက် ၂.၅ လက်မ အရွယ်အစား hard disk drives များကို အသုံးပြုကြတယ်။ လုပ်ကိုင်ပေးနိုင်တဲ့ အမြန်နှုန်းအနေ အထားများက အရင်က 5400 rpm နဲ့သာ အသုံးပြုကြပေမယ့် လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစပြီး 7200 rpm များကိုသာ တောင့်တောင့်တတ အသုံးပြုကြတော့တယ်။ ဒါပေမဲ့လည်း ခေတ်သစ်ပီစီ ကွန်ပျူတာတိုင်းက ဝင်ဆံ့မှုပမာဏ ပိုများပြီး စွမ်းဆောင်ရည် ပိုကောင်းတဲ့ သိုမှီးကိရိယာနဲ့မှသာ အဆင်ပြေစေမယ့် အခြေအနေတွေ ရှိလာတယ်။ ဒီအခါမှာ သမားရိုးကျ HDD (hard disk drive) အသုံးပြုမှုကနေ လားရာသစ်တွေဆီကို ပြောင်းလဲဖို့ ကြိုးစားလာကြ ပြန်တယ်။
သိုမှီးစနစ်ရဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ eMMC (embedded multimedia card) ကို အသုံးပြုကြတယ်။ MMC က ဆင်းသက်လာတဲ့ သိုမှီးစနစ်တစ်ခု ဖြစ်တယ်။ a flash-based storage format လို့လည်း ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက MMC က SD (Secure Digital) Cards တွေကို ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ SD Cards တွေကသာ standard နေရာရခဲ့ပြီး MMC အရေးနိမ့်ပါးသွားတယ်။ Laptop တွေမှာဖြစ်ဖြစ်၊ ဒီဂျစ်တယ် ကင်မရာတွေမှာဖြစ်ဖြစ် SD Card Slots တွေနဲ့ တည်ဆောက်တဲ့အထိ SD Cards များက အလေးသာခဲ့တယ်။ ဒီအတွက် MMC အနေနဲ့ eMMC ကို ပေါ်ထွက်ဖို့ ကြိုးစားယူလိုက်တာ ဖြစ်တယ်။ အခုအခါ eMMC ကို Tablet နဲ့ smartphone တော်တော်များများ သုံးနေကြပါပြီ။ မကြာမီ Note-book ဈေးကွက်ရဲ့ အနိမ့်ပိုင်း သိုမှီးစနစ်တစ်ခုအဖြစ် ရောက်ရှိသွားပါလိမ့်မယ်။ ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းချနေတဲ့ Acer Aspire One Cloudbook တို့၊ HP Stream တို့က eMMC ကိုအသုံးပြုပြီး ဈေးကွက်ထဲ ချပေးနေတာ တွေ့ကြရတယ်။ ကျွမ်းကျင်ပညာရှင်များက eMMC အနေနဲ့ HHDs တို့၊ SSDs တို့ထက် ယုံကြည်စိတ်ချ ရတယ်လို့ ဆိုညွှန်းကြတယ်။ eMMC ရဲ့ပုံစံက Motherboard မှာ အပြီးတပ်ဆင်ပါရှိတဲ့ system တွေမှာ အသုံးပြုလေ့ရှိတယ်။ Upgrade လုပ်ခွင့်၊ replace လုပ်ခွင့်ဆိုတဲ့ အခွင့်အလမ်းတွေတော့ မရှိပေ။
Helium Mechanical Hard Drives  ဆိုတဲ့ သိုမှီးစနစ်ကို HHD အစားထိုးပုံစံအနေနဲ့ အသုံးပြုကြတယ်။ SSDs များရဲ့ ဈေးနှုန်းကလည်း ကြီးမြင့်နေသေးတဲ့အချိန် HHDs များကိုလည်း အားမလိုအား မရဖြစ်နေကြချိန်မှာ ရောက်ရှိလာတဲ့ သိုမှီးစနစ်တစ်ခုလို့ ပြောရပါလိမ့်မယ်။ အထူးသဖြင့် 1TB-SSD တွေကို ဒေါ်လာ ၃၀၀ လောက်နဲ့ ရောင်းချချိန်မှာ mechanical ပုံစံပြု HHD များကို ဆန်းစစ်မှုပြုလုပ်ကာ 10 TB ပမာဏနဲ့ လုပ်ကိုင်ပေးနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးကြတာဖြစ်တယ်။ HGST Ultrastar He10 ဆိုတဲ့ enterprise drive များကို seagate ကထုတ်လုပ်ခဲ့ရာကနေ အများဆုံး consumer level အဆင့်နဲ့လည်း ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ speed ကလည်း 249 MB/s ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပီစီကွန်ပျူတာ လောကမှာ SSDs (Solid State Drives) တွေ ခေတ်စားလာပါပြီ။ ၂၀၀၇ ခုနှစ်လောက်စပြီး အများသုံးပီစီ ကွန်ပျူတာထဲကို တိုးဝင်လာခဲ့ပေမယ့် ဈေးနှုန်းကြောင့် လူကြိုက်မများခဲ့ပေ။ အခုတော့ ထိုက်သင့်တဲ့ ဈေးနှုန်းများနဲ့ SSDs များကို ရောင်းချနိုင်တဲ့ အဆင့်ဖြစ်နေတယ်။ SSDs များကို boot dirves များအဖြစ်သာ အသုံးပြုရာကနေ essential drives အနေအထားကို ရောက်လာတယ်။ ဒီအတွက် ဝင်ဆံ့မှုပမာဏ ကြီးကြီးအတွက် HHDs များကိုသုံးပြီး speed မြန်ဆန်မှုအတွက် SSDs ကိုရွေးချယ်ယူတဲ့ အလေ့အထ ဖြစ်ခဲ့တယ်။

ဒီအခါမှာ မြန်ဆန်စွာ ရေးဖတ်နိုင်မှု၊ ပါဝါသုံးစွဲခြင်း နိမ့်ပါးမှု၊ စွမ်းဆောင်ရည်မြင့်မားမှု၊ ကြံ့ခိုင်မှုနဲ့ ဈေးနှုန်းအနေအထားမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာတဲ့ NAND Flash Chips တွေကလည်း သိုမှီးစနစ်မှာ ပါဝင်ခွင့်ရခဲ့ ပြန်ပါတယ်။ SLC (Single-Level Cell), MLC (Multi-Level Cell), TLC (Triple-Level Cell)  စသလို အမျိုးအစားများနဲ့ ဈေးကွက်ထဲကို ဝင်လာတယ်။ SLC ကတော့ write speeds အမြန်ဆုံးဖြစ်သလို  ကြံ့ခိုင်မှုအရှိဆုံးလို့လည်း ပြောနိုင်ပြီး ပါဝါသုံးစွဲမှု အနိမ့်ဆုံးဖြစ်တယ်။ MLC ကတော့ SLC ထက် Speed ရော ကြံ့ခိုင်မှုနဲ့ ပါဝါသုံးစွဲမှုပါ အနည်းငယ်အ ဆင့်နိမ့်တဲ့ အလယ်အလတ် တန်းစားအဆင့်လို့ ဆိုနိုင်ပါတယ်။ TLC ကိုတော့ NAND Storage စနစ်ရဲ့ density အမြင့်ဆုံးနဲ့ ဈေးနှုန်းအချိုသာဆုံး အမျိုးအစားအဖြစ် ရှုမြင်နိုင်ပါလိမ့်မယ်။ TLC ကို ဘတ် ဂျက် SSDs အတွက် အသင့်လျော်ဆုံးလို့ သတ်မှတ်ထားကြတယ်။
သိုမှီးစနစ်တစ်ခုအတွက် သိုမှီးကိရိယာသာ အရေးပါလှတယ် မဟုတ်ပေ။ Drive interfaces များကိုလည်း အလေးထား စဉ်းစားကြရတယ်။ SATA လို့သိထားတဲ့ serial AT attachment ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြတာ ဆယ်စုနှစ်တစ်ခု ကျော်လွန်လာခဲ့ပါပြီ။ PATA  (Parallel ATA) သုံးစွဲနေကြရာကနေ ၂၀၀၃ ခုနှစ်က SATA ကိုမိတ်ဆက် ပေးခဲ့တာဖြစ်တယ်။ မူလပထမ SATA Revision  1.x မှာ 150MB/s နှုန်းထားနဲ့သာ လုပ်ကိုင်နိုင်ပေမယ့် မကြာမီ SATA 3Gbps ပေါ်ထွန်းလာနိုင်ပြီး ထပ်မံတစ်ဆင့်တက်ကာ 6Gbps နဲ့အသုံးပြုနိုင်တဲ့ SATA စနစ်တွေဖြစ်လာပါတယ်။ မကြာသေးခင်ကတော့ HHD သာမက SSD များအတွက်ပါ အဆင်ပြေတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။
mSATA standard အတွက် အစားထိုးနိုင်မယ့် M.2 ပေါ်ခဲ့ပြန်တယ်။ အထူးသဖြင့် Ultrabook တွေနဲ့ မိုဘိုင်းကိရိယာတွေ၊ Tablet တွေကို ပစ်မှတ်ထား ဆောင်ရွက်လာတာ ဖြစ်တယ်။ M.2 ရဲ့အသေးစိတ် ညွှန်းကိန်းမှာ PCI Express Lanes လေးခုအထိ ပါဝင်နိုင်ကြောင်း ဖော်ပြထားတာ တွေ့နိုင်တယ်။ M2 Interface အနေနဲ့ ဒီဇိုင်းအနေအထား လိုသလိုကျုံ့ယူခွင့် ရတဲ့အတွက် ပိုပြီးနှစ်သက်စရာ ကောင်းတယ်။ SATA Based M.2 ရဲ့အမြင့်ဆုံး bandwidth ကို SATA 6 Gbps speeds အထိသာ ကန့်သတ်ထားရှိဆဲ ဖြစ်တယ်။ Desktop ပီစီအတွက် သုံးတာထက် Notebook များအတွက်သုံးတာ ပိုအဆင်ပြေ ပါလိမ့်မယ်။

မကြာသေးခင်ကတော့ PCI Express Storage တွေ အသုံးပြုနိုင်ကြောင်း တွေ့လာရပြန်ပါတယ်။ PCIe ဆိုတာ ယေဘုယျအားဖြင့် GPUs များအတွက်သာ နားလည်ထားခဲ့ရာက Storage အတွက်ပါ အသုံးပြုနိုင်ကြောင်း သိရှိခွင့်ရလာတာ ဖြစ်တယ်။ ဘယ်လိုပင်ဖြစ်ဖြစ် Motherboard ပေါ်မှာ မူတည်ပြီး PCIe Standards များကို အသုံးပြုခွင့် ရမှာဖြစ်တယ်။ လောလောဆယ် Motherboard တွေမှာ PCIe 3.0 standard အထိ အသုံးပြုခွင့် ရနေကြတယ်။ မကြာမီ PCIe 4.0 standard ကိုပါ အသုံးပြုခွင့်ရကြ ပါလိမ့်မယ်။ ကျွမ်းကျင် ပညာရှင်များရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်မှာ PCIe 4.0 Standard ကို အသုံးပြုခွင့်ရမယ်လို့ သိကြရတယ်။
နောက် interface အသစ်တစ်ခုကတော့ NVMe (non-volatile memory express) ဖြစ်တယ်။ Enterprise level သုံးလို့လည်း နားလည်ထားနိုင်ပါတယ်။ ပထမဆုံး NVMe consumer drive အဖြစ် Samsung 950 Pro ကိုတွေ့ကြရတယ်။ 2000 Mb/s နဲ့ဖတ်နိုင်ပြီး 1000 Mb/s နှုန်းထားနဲ့ ရေးနိုင်တာတွေ့ရတယ်။ မကြာသေးမီက ဈေးကွက်ရောက်ရှိလာတဲ့ Z 97 တို့၊ X99 တို့၊ Z 170 တို့လို Mother board တွေမှာ boot devices အဖြစ် အလုပ်လုပ်ပေး နေပါတယ်။
လိုလားတောင့်တာ ချက်တွေအရ သိုမှီးစနစ်ရဲ့လားရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အရွေ့က မကြာမီနှစ် အနည်းငယ်အတွင်း ကွန်ပျူတာ စနစ်ကိုလည်း အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ကြောင်း တင်ပြလိုက်ခြင်း ဖြစ်ပါတော့တယ်။

Credit- ဦးသောင်းဝင်း (ပန်းချယ်ရီ)(internetjournal)

                                                              ညီလတ်ထွန်း(ဘီအမ်း)
                                                        www.nyilattun.com
လားရာသစ်နဲ့ သိုမှီးစနစ်များ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:13 AM Rating: 5 ကွန်ပျူတာ စနစ်များရဲ့ အဆင့်အတန်း မြင့်မားလာပြီး စွမ်းပကားများ ကြီးမားလာတာနဲ့အမျှ သိုမှီးစနစ်အတွက် တောင်းဆိုမှုတွေ ပိုများလာခဲ့တ...

No comments: